tag:blogger.com,1999:blog-13602022.post-39372933661294118802007-05-11T22:25:00.000+12:002007-05-11T22:33:58.749+12:00အခန်း (၁) လူတိုင်းအောင်မြင်ကျော်ကြားချင်သည်

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
သောကြာ ၁၁ ၂၀၀၇
ကြာချိန် = ၁း၂၀
စာမျက်နှာ = ၆ - ၈

အခန်း (၁) လူတိုင်းအောင်မြင်ကျော်ကြားချင်သည်

# သောကြာနေ့ည ခံစားမှု
# စိတ်ကူးယဉ် အိပ်မက်များ သေဆုံးပျောက်ကွယ်သွားကြသည့် အချိန်
# ယုံကြည်စိတ်၏ စွမ်းအား
# တိုက်ယူဖို့ အသင့်ပြင်ပါ။

လူသည် သူ့ကိုယ်သူ ထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်၏။
(ဂျိမ်းစ် အယ်လင်)

လူတိုင်းအောင်မြင်ကျော်ကြားချင်သည်။

မိမိပတ်ဝန်းကျင်၌ အရေးပါချင်သည်။

ငါသည် 'ဘာ' ဖြစ်၏ဟု မိမိဘာသာ ခံယူထားသည့် အချက်ကို အများ အသိအမှတ်ပြုစေချင်သည်။

ဤသည်မှာ လူ၏ သဘာဝ ဖြစ်သည်။ လူတိုင်းလူတိုင်းမှာ ရှိသည့်စိတ်ဓာတ်ဖြစ်သည်။

ကျွန်တော်တို့သည် လောလောဆယ် မည်သည့်အနေအထား၌ ရှိနေပါစေ၊ မည်သည့်အရပ်မှ လာရောက်ရသူများပဲ ဖြစ်ပါစေ၊ ကျွန်တော်တို့ ရင်ထဲ နှလုံးသားထဲတွင်မူ ကျွန်တော်တို့၏ ထူးခြားမှု၊ သူတပါးနှင့် ကွဲပြားရှားနားမှု များကို ကျွန်တော်တို့ဘာသာ သိနေ၊ မြင်နေ၊ ယုံကြည်နေပေသည်။

လူတိုင်းပင်လျှင် ဤစိတ်ဓာတ် ဤခံစားမှုမျိုးဖြင့် ကြီးပြင်းလာကြသည်ချည်းဖြစ်သည်။ ကလေးဘဝက ကောင်းဘွိုင်လုပ်တမ်း ကစားကြသည့်အခါ ကျွန်တော်တို့ အားလုံးပင် သေနတ်ပစ် လက်အဖြောင့်ဆုံး ကောင်းဘွိုင်များ ဖြစ်ခဲ့ကြသည်။

ရုပ်မြင်သံကြား ကြည့်သည့် ကလေးတိုင်းပင် အာကာသယာဉ်မှူးဖြစ်ချင်သည်။ မာရာဒိုနာလို ဘောလုံးသမားဖြစ်ချင်သည်။ ဆရာဝန်ဖြစ်ချင်သည်။ ဘဲလေး ကချေသည် ဖြစ်ချင်သည်။ ရေခဲပြင် စကိတ်အလှစီးပြိုင်ပွဲကို ကြည့်ကာ ရွှေတံဆိပ်ဆုရှင် ရေခဲပြင် စကိတ်စီးသမား ဖြစ်ချင်သည်။

ကလေးတိုင်းပင် စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ သူတို့အတွက်မူ ဖြစ်ချင်တာတွေကို စိတ်ကူးထဲမှာ ဖြစ်ကြည့်ရခြင်းသည် အသက်ရှူသည့်ကိစ္စလို အလိုအလျောက် ဖြစ်နေသည့် အရာတစ်ခု ဖြစ်သည်။

များမကြာမီက အတ္တလန်တာမြို့မှ ဆရာမတစ်ယောက်သည် ပဉ္စမတန်းမှ သူမ၏ တပည့်လေးများအား ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များကို စာတစ်ရွက်စီပေါ်၌ ရေးသားရန် စေခိုင်း၏။

ကလေးများ ရေးသားဖော်ပြသည့် ရည်မှန်းချက်အချို့မှာ ဤသို့ဖြစ်သည်။

အတန်းထဲရှိအငယ်ဆုံးကျောင်းသားလေးသည် အိုလံပစ် ရွှေတံဆိပ် ဆုရှင် ရေကူးချန်ပီယံဖြစ်ရန် ရည်မှန်းထား၏။

မိန်းကလေးနှစ်ယောက်ကမူ အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လိုသော ဆန္နရှိ၏။ ယင်းအနက် တစ်ဦးမှာ ရှေ့နေ သို့မဟုတ် တရားသူကြီး လုပ်ရန်လည်း ရည်ရွယ်ထား၏။

အနုပညာအစွမ်းအစ ပြသခဲ့ဖူးသည့် ယောင်္ကျားလေးတစ်ယောက်ကမူ ရုပ်ရှင်မင်းသား လုပ်ရမည်လား၊ ရောခ့်တေးဂီတ အဆိုတော် အဖြစ်ကို ရွေးချယ်ရမည်လား ဝေခွဲမရသေးဘဲ ရှိနေ၏။<

ဂျေဆင်အမည်ရှိ လူငယ်လေး၏ ရည်မှန်းချက်များကိုတော့ ကျွန်တော် သဘောအကျဆုံး ဖြစ်၏။ သူက အက်ဖ်-၁၄ ဂျက်လေယာဉ်မှူး ဖြစ်ချင်သည်။ ထို့အပြင် အမေရိကန်တွင် လူကြိုက်များလှသည့် နာမည်ကြီး ရပ်ဂဘီ ဘောလုံးအသင်းတစ်ခုဖြစ်သည့် ဒါးလက်စ်ကောင်းဘွိုင်အသင်းတွင် အသင်းခေါင်းဆောင်ဖြစ်ချင်သည်။ ဆူပါဘိုးလ် ပြိုင်ပွဲကြီးတွင် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး နှစ်စဉ် ဗိုလ်စွဲချင်သည်။ ထို့ပြင် အထူးချွန်ဆုံး အားကစားသမားဆုကိုလည်း သူက နှစ်တိုင်း ရချင်သေးသည်။

သူတို့လေးတွေသည် သိပ်ထူးခြားနေသူလေးများ မဟုတ်ကြပါ။ ကလေးပီပီသသ မူမှန်စိတ်သဘာဝ ရှိကြသူများသာ ဖြစ်ပါသည်။ ကလေးတိုင်း၏ စိတ်ထဲတွင် ငါကြီးလာတဲ့အခါ ဟူ၍ စိတ်ကူးရည်မှန်းထားတာလေးတွေ ကိုယ်စီ ကိုယ်ငှ ရှိကြသည်။ ငယ်ရွယ်သေးသည့်ကာလ သူတို့၏ စိတ်ထဲတွင် သူတို့နှင့် သူတို့စိတ်ကူးယဉ် အိမ်မက်များအကြား အခက်အခဲ အတားအဆီးတွေ ရှိလာ လိမ့်မည်ဟူသော အတွေးမျိုး ပေါ်လာလေ့မရှိခဲ့။

သူတို့စိတ်ကူးထဲတွင် ဖြစ်နိုင်သည့် အရာများနှင့် ရှေ့အလားအလာ များသာ ပြည့်နှက်လျှက်ရှိသည်။ သူတို့သည် တာဝန်ဆိုတာ ဘာမှန်းမသိကြသေး။ လူ့ဘဝဆိုတာကိုလည်းကောင်း၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ဆိုတာကို လည်းကောင်း ဘာမှန်းမသိကြသေး။ သူတို့ခေါင်းထဲတွင် ဘယ်သူတွေက ဘာပြောကြမလဲ၊ ဘယ်လိုတွေ ထင်မြင်ကြမလဲဆိုတာတွေ မတွေးတတ်ကြသေး။

သူတို့၏စိတ်များသည် သူ့တို့ရင်ထဲက ထွက်ပေါ်လာသည့် အကြီးမားဆုံး အိမ်မက်များကို အနှောက်အယှက် အဟန့်အတားမရှိ မက်နိုင်လောက်အောင် လွတ်လပ်နေကြဆဲ ဖြစ်သည်။ အခက်အခဲဆိုတာ သူတို့နားမလည်၊ သူတို့အလိုဆန္ဒကိုသာ သူတို့သိကြသည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်လိုက်သည့်အခါ၌ သူတို့အတွက် တံခါးပေါက်ကြီး ဟင်းလင်းပွင့်လျက်ရှိသည်ဟု မြင်ကြသည်။

သည်လိုမြင်ခြင်းကလည်း အံ့သြစရာတော့မရှိ။ သူတို့နံဘေးတွင် သူတို့ကိုကန့်ကွက်မည့်သူမရှိ၊ အားပေးသူ ထောက်ခံသူ အပြုသဘော ပြောဆိုသူများသာ ဝန်းရံလျက် ရှိ၏။ သားလေးက သိပ်တော်တာ၊ သမီးက သိပ်လိမ္မတာ၊ သားကကြီးလာရင် ဆရာဝန်ကြီးဖြစ်မှာ၊ သမီးကြီးလာရင် ဘာလုပ်မလဲ၊ ဆရာဝန်မကြီးလား၊ ရှေ့နေမကြီးလား၊ ဒါမှမဟုတ် အဆိုတော်လား၊ ရုပ်ရှင်မင်းသမီးလား စသည်ဖြင့် ချီးမွမ်းစကားဆိုကြ ထောက်ခံအားပေးကြမည့် မိဘများ ဦးလေးများ အဒေါ်များ စသည်တို့သာ ဝန်းရံလျက်ရှိကြသည်။

သည်အခါကမူ သူတို့အဖို့ မိမိတို့ကိုယ်ကို တစ်လောကလုံး၏ အထွတ်အထိပ်သဖွယ် ယုံကြည်ခံစားခဲ့ကြရမည် ဖြစ်ပေသည်။

Mayveloushttp://www.blogger.com/profile/02483979367354264701noreply@blogger.com0